အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ပစ္စည်းဖိုးငွေများ ပေးအပ်

ညောင်ရွှေ     နိုဝင်ဘာ     ၂၆

မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ဟဲယာရွာမကျေးရွာ အောင်မင်္ဂလာဘုရားဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်တို့က  အမှာစကားပြောကြားကြပြီး ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ရာ ငလျင်ဒဏ်သင့် နေအိမ်ပိုင်ရှင်များက လက်ခံယူသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများ ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ရွှေညောင်-ညောင်ရွှေလမ်း (၃ ဒသမ ၈ နှင့် ၅ ဒသမ ၅) ကီလိုမီတာကြား ရေကျော်လေ့ရှိသည့် နေရာများအားလမ်းတာပေါင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်