ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ် သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန် တိုင်းဒေသကြီးအနေဖြင့် ချေးငွေအများဆုံး ထုတ်ယူထားသည့် တိုင်းဒေသကြီးဖြစ်ပြီး ပြန်လည် ပေးဆပ်ရန်မှာလည်း အများဆုံးကျန်ရှိနေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန် ချက်အရ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ကုမ္ပဏီ/ လုပ်ငန်းရှင်များအား အဓိကထား ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည့်အတွက် ချေးငွေများကို ၃ ကြိမ်ခွဲပြီး ၂၀၂၆ ခုနှစ် မတ်လအတွင်း အကျေပေးဆပ်ရန်နှင့် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အရေးယူဆောင်ရွက်ရခြင်းထက် လုပ်ငန်းရှင် များအနေဖြင့် နိုင်ငံတော်ပိုင်ငွေအား ပြန်လည်ပေးဆပ်ရမည့် အသိစိတ်ဓါတ်ဖြင့် ပြန်လည်ပေးဆပ် စေလိုပါကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ချေးငွေများ အမြန်ဆုံးပြန်လည်ပေးဆပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ချေးငွေထုတ်ယူထားသောလုပ်ငန်းရှင်များက အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များပေါ် တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)