ရန်ကုန် နိုဝင်ဘာ ၂၆
(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်အနုပညာရှင်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများက “ရွှေရောင်လွှမ်းခြုံတိုင်းရန်ကုန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး (၂၆) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်း Video Clip အား ပြသသည်။
ထို့နောက် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ (၂၆) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အခြေခံပညာအဆင့် (၁၀-၁၅) ၊ အခြေခံပညာအဆင့် (၁၅-၂၀) နှင့် အဆင့်မြင့်ပညာအဆင့် အဆိုဘာသာရပ်တို့တွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၏ ဇနီး ဒေါ်မော်မော်သန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး ဒေါ်ခင်မျိုးထိုက်တို့က အခြေခံပညာအဆင့် (၁၀-၁၅) နှင့် အဆင့်မြင့်ပညာအဆင့် အကဘာသာရပ်၊ ထားဝယ်တိုင်းရင်းသားရိုးရာအကနှင့်ကျေးလက်ယိမ်းဆု၊ အခြေခံပညာအဆင့် (၁၅-၂၀) နှင့် အဆင့်မြင့်ပညာအဆင့် အရေးဘာသာရပ်၊ အခြေခံပညာအဆင့် (၁၀-၁၅) ၊ အခြေခံပညာအဆင့် (၁၅-၂၀) နှင့် အဆင့်မြင့်ပညာအဆင့် အတီးဘာသာရပ်တို့တွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဆုရရှိသူများကိုယ်စား အဆင့်မြင့်ပညာအဆင့် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ မယ်ဒလင်ရွှေတံဆိပ် (၃) ဆုရ မယမင်းသူက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူများအား ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။
ထို့နောက် အခြေခံပညာအဆင့် (၁၀-၁၅) အဆို (မဟာဂီတပြိုင်ပွဲ) တွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ မောင် အောင်စစ်ပိုင်၊ အခြေခံပညာအဆင့် (၁၀-၁၅) အကပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ မနန်းကုဋေစံဦး နှင့် အခြေခံပညာအဆင့် (၁၅-၂၀) အရေးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူ မအိန္ဒြေမြင့်မိုရ်တို့က ဖျော်ဖြေတင်ဆက်ကြပြီး အဆင့်မြင့်ပညာအဆင့် အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ (၁၁) ဦးတို့က “နုလုံးသားကိုအလှဆင်ပါ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)