တောင်ကြီး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှပြုလုပ်သော ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏(၂/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာ၂၅ရက်နံနက် ၉ နာရီ က ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ ရှမ်းပြည်နယ်အတွက် လစဉ်ခွဲဝေချပေးသောစားသုံးဆီများကို ပြည်နယ်အတွင်းသို့ အပြည့်အဝရောက်ရှိအောင် သယ်ယူရန်လိုအပ်ကြောင်း၊ ဖြန့်ဖြူးရောင်းချရာတွင်လည်း အခြေခံရည်ညွှန်းစျေးအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထည့်ပေါင်း၍ တွက်ချက်ထားသော တစ်ပိဿာစျေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော စျေးနှုန်းဖြင့်ရောင်းချဖြန့်ဖြူးရန်လိုအပ်ပါကြောင်း၊ ရရှိသောစားသုံးဆီများကို ပြည်သူများထံသို့အရည်အသွေး၊ အရေအတွက်၊ အလေးချိန်၊ စျေးနှုန်းမှန်ကန်စွာရောင်းချဖြန့်ဖြူးပေးရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့ကို အမြဲ ကွင်းဆင်းစစ်ဆေးကြပ်မတ်ကြရန်လိုအပ်ပါကြောင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများစစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှူး ဦးရွှေဖြူက ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ၏(၂/၂၀၂၅)အစည်းအဝေးသို့ တင်ပြသည့် အမှာစာ(၁၁)စောင်ကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)