ပြည်နယ်စားသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် စားသုံးဆီရောင်းချဖြန့်ဖြူးသည့် လက္ကား/ လက်လီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်

တောင်ကြီး နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြုလုပ်သော ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် စားသုံးဆီရောင်းချဖြန့်ဖြူးသည့် လက္ကား/လက်လီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို နိုဝင်ဘာ  ၂၅ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များကို ချပြရှင်းလင်းဆွေးနွေးရန်နှင့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဒေသများတွင် မှန်မှန်ကန်ကန် ရောင်းချဖြန့်ဖြူးရန် လိုအပ်ကြောင်း၊ လက်ရှိမြေပြင်တွင်ဆောင်ရွက်ကြသည့် လက္ကား/ လက်လီ ကိုယ်စားလှယ်များသည် လုပ်ငန်းများ ဆောင်ရွက်ရာမှ ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် လိုအပ်ချက်များရှိပါက ပေါင်းစပ်ကူညီဖြေရှင်းဆောင်ရွက်ပေးမယ်ဖြစ်ပါကြောင်း၊ လက္ကား/လက်လီကိုယ်စားလှယ်များအနေနှင့် အခက်အခဲများ ရှိပါက ကြီးကြပ်ရေးအဖွဲ့မှ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ရှမ်းပြည်နယ်အတွင်း စားသုံးဆီများ ခွဲဝေရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချမှု အခြေအနေများ ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ(၄)ခုမှ လက္ကားကိုယ်စားလှယ် (၅)ဦးနှင့် လက်လီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)