ပေါင်မြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပေါင် နိုဝင်ဘာ ၂၆

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဂျူးနီတာဇော်က ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ (၅၄) ခုတို့မှ အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၁၀၈) ဦးတို့ တက်ရောက်ကြပြီး နည်းပြ (၄)ဦးတို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)