မူဆယ် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ (MCCT) ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခေတ္တဥက္ကဋ္ဌ ဒုရဲမှူးကြီး ပြည့်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သားဖွားမီးယပ်အထူးကုဆရာဝန် Drသန့်စန္ဒာလွင်မှ ကျန်းမာရေး အသိပညာပေး ဗဟုသုတ ဖြစ်ဖွယ်ရာများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို (၃၉)ဦးအား တာဝန်ရှိသူများက ငွေကျပ် (၃၀၀၀၀) စီနှင့် အာဟာရရှိမည့် အစားအသောက်များကို အသီး သီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး (MCCT) ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၄၉)ဦးကို တာဝန်ရှိသူများက ငွေကျပ် (၃၀၀၀၀)စီအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ငွေရရှိသည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုယ်စား အဘွား ဒေါ်အောင်မေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် သက်ကြီးရွယ်အို (၃၉)ဦး၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၄၉) ဦး၊ စုစုပေါင်း (၈၈)ဦးအား ထောက်ပံ့မှုမှာ ငွေကျပ် (၂၆၄၀၀၀၀) ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)