မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးကွင်းဆင်း

မိုင်းယန်း နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးရွာနေဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူကအဖွင့်အမှာစကားနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ရဲမှူး ဝင်းထွန်းဦးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များရှင်းလင်းဆွေးနွေးပြီး ဥပဒေအရာရှိ ဦးအောင်မျိုးဦးမှ ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးအရာရှိ ဦးမျိုးဇော်နိုင်မှ  ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး