တောင်ကြီး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ စောင့်ကြည့်စိစစ်အကဲဖြတ်ရေးလုပ်ငန်း ကော်မီတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ(၈)ရပ်မှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီ (၈)ရပ်တို့၏ ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းကဏ္ဍအလိုက် ပိုမိုညှိနှိုင်းချိန်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များ အပေါ် စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း၊ အချိန်မတိုင်မီ ကျောင်းထွက်ရခြင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရခြင်းများ ဖြစ်ပေါ်နေသဖြင့် ၎င်းတို့အား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် လိုအပ်သည့် အရေးကြီးမူဝါဒများချမှတ်ပေးရန်လိုကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်ပုံရိပ်ပိုမိုကောင်းမွန်ရေး အတွက်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ရလဒ်ကောင်းများ ရရှိစေရန် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ (၈) ရပ်တို့မှ အတွင်းရေးမှူးများက အထွေထွေဆွေးနွေးတင်ပြကြပြီး၊ ဆွေးနွေးတင်ပြမှုများအပေါ် ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကလေးအလုပ်သမားများ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လုပ်ငန်းကော်မတီဝင်များအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်