ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ပျဉ်းမနားမြို့နယ်၌ဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းပို့ချနေမှုအခြေအနေများကို ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက် သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က သက်ဆိုင်ရာမဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများသည် လက်တွေ့မြေပြင်တွင် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ သိရှိနားလည်ဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိတို့က သင်ကြားပို့ချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူများအား ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ ပြုကျင့်မှုများ၊ ဆောင်ရန်ရှောင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ကဏ္ဍများကို သင်ကြားပို့ချပေးခဲ့ပြီး အီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသင်ကြားပေးခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)