တွံတေး နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်ဖြင့် မြို့နယ်အဆင့်အတက်ရောဂါ စီမံချက်လုပ်ငန်းစတင်ခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစီး တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှက အတက်ရောဂါအကြောင်း ပြောကြားရာတွင် အတက်ရောဂါဖြစ်စေသည့် အကြောင်းအရင်းများ၊ တက်ခြင်းကိုလှုံ့ဆော်သည့် အခြေအနေများ၊ အတက်ရောဂါနှင့်ပတ်သက်၍ ရှာဖွေနည်းလမ်းများ၊ ရှေးဦးပြုစုခြင်း၊ လူနာများအား ဆေးရုံ/ဆေးခန်းသို့ညွှန်ပို့ခြင်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများ၊ တက်နေချိန် မှာ ထိခိုက်အန္တရာယ်ကင်းရှင်းဖို့ ဆောင်ရန်/ ရှောင်ရန်များ ပြောကြားခဲ့သည်။
ယင်းနောက် ခတ္ထိယတိုက်နယ်ဆရာဝန် ဒေါက်တာ မျိုးမင်းအောင်က အတက်ရောဂါနှင့်ပတ်သက်၍ တက်ရောက်လာသူများအား PowerPoint ဖြင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူးနှင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)