ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ပထမနှစ် တက်ခွင့်ရကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

လှိုင်သာယာ(အနောက်)  နိုဝင်ဘာ  ၂၅

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပထမနှစ် သင်တန်းသို့ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်း ဟောခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ကြည်စိုး၊ ဒုတိယပါမောချုပ် ဆရာမကြီး ဒေါက်တာခင်လှလှဝင်း၊ တက္ကသိုလ် နည်းပြဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာကြည်စိုးက ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုလိုကြောင်း၊ နိုင်ငံတကာ အဆင့်မီနိုင်အောင် ကြိုးစားစေလိုကြောင်း ကျောင်း၏စည်းကမ်းများကို လိုက်နာကြ ပြီး၊ တစ်ဦးနှင့်တစ်ဦးမောင်နှမရင်းချာကဲ့သို့ ရိုင်းပင်းကူညီချစ်ချစ်ခင်ခင် နေထိုင်သင်ကြားစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာခင်လှလှဝင်းက ကြိုဆိုနှုတ်ခွန်းဆက် မုဒိတာစကား ပြောကြားသည်။ ထို့နောက် သင်တန်းရေးရာဌာနမှ ဆရာဦးကျော်ဝင်းလွင်က သင်တန်းရေးရာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက နိုဝင်ဘာ-၂၄ ရက်နေ့က စတင်၍ကျောင်းတက်ရောက်ကြလျှက် ဆရာ/ဆရာမများက သင်ကြားပို့ချနေကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)