မောက်မယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းက မောက်မယ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှမွေးဖွားလာ သောအသက် ၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှနှစ်စဉ် (MCCT) ထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကေသရီကျော်နှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဆိုင်စံတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် အဓိကလိုက်နာဆောင်ရွက်ရမည့် လူ့ဘဝအစရက်(၁၀၀၀)အတွင်းအာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောခြင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)