မိုင်းကိုင် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွိုင်လင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး ကအမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်များမဆုံးရှုံးစေရေး မိမိတို့၏အမည်ပါမပါ သွားရောက်ကြည့်ရှုနိုင်ရန်၊ ကြိုတင်မဲပေးရန် အကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအတွင်း သတ်မှတ်ဦးရေအတိုင်းမဲပေးနိုင်ရေး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်ရန်၊ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ရွေးကောက်ပွဲကာလအလွန် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က ပေါင်းစပ်မှုအား ကောင်းကောင်းဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားပြီးနောက် တက်ရောက်လာသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက မှန်ကန်ကျစ်လစ်ခိုင်မာသောမဲစာရင်းများရရှိစေရေး၊ မဲပေးစက်များအသုံးပြုနည်း ပြည်သူအသိပညာပေး လုပ်ငန်းများဆောင်ရွက်မှု၊ ရွေးကောက်ပွဲကာလ ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်မှုများ၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကာ ဆုံးဖြတ်ချက်များ အသီးသီး ချမှတ်ခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများသည် မိုင်းကိုင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၅) ခု၊ ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ ဝမ်ယတ်ယန်းနန်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)