လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ ခရိုင်သစ်တောဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်းက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်မြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးအကြောင်းအရာများအားလည်းကောင်း ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကာ တာဝန်ရှိသူများက အ.ထ.က (၆)အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းအား အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)