လင်းခေးခရိုင်Community Centre ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

လင်းခေး နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာနCommunity Centre ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လင်းခေးခရိုင်၊ လင်းခေးမြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်ရွှေက လူငယ်များဆိုင်ရာ မှုခင်းများနှင့်ပတ်သက်သည့် ဥပဒေများအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပေးခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးသန်းမြင့် (လက်ထောက်ညွှန်ကြားရေးမှူး) က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာနှင့်စပ်လျဉ်းသည့် သိကောင်းစရာများအချက်အလက်အချို့တို့ကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲအား ရုပ်သိမ်းလိုက်ပါသည်။

ဟောပြောပွဲအပြီး တက်ရောက်လာသူများက လူထုအခြေပြုဗဟိုဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)