နမ့်စန်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင်ကျင်းပခဲ့ရာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နမ့်စန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်စန်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲ များနှင့်အတူ ပြိုင်ပွဲဝင်အသင်းများနှင့်ဘင်ခရာတပ်ဖွဲ့အား လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဆက်လက်၍ မြန်မာ့သိုင်းပြိုင်ပွဲ သရုပ်ပြအထူးပွဲစဉ်ကို ဦးစွာယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူကို တာဝန်ရှိသူများက ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကာ အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို နိုဝင်ဘာ၂၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကာ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း၊ စုစုပေါင်း ကျောင်း (၆) ကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၈၀) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။

သူရအောင်(နမ့်စန်)