မိုင်းပျဉ်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မိုင်းပျဉ်းမြို့နယ်တွင် ဒုတိယပိုင်းအနေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို (၂၅−၁၁−၂၀၂၅)ရက်နေ့မှ (၂၉−၁၁−၂၀၂၅)ရက်နေ့အထိ (၅)ရက်တာဖွင့်လှစ်၍ မဲရုံအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ(MEVM)စက်များသယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းလမ်းများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများအား အသေးစိတ်ပို့ချဆွေးနွေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းနည်းပြ (၃)ဦးမှ ပို့ချဆွေးနွေး၍ သင်တန်းသား၊ သင်တန်းသူ (၁၇၆) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)