ကျောက်မဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်ဆွေဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၅ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မဲစာရင်းကပ်ထားကြေညာထားမှုနှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည်ရှုနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
ယခု ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများ အနေဖြင့် ထပ်တိုးစာရင်းပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ (၄) ဖြင့်လည်းကောင်း ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂ အုပ်စု လျာထားမဲရုံ ၂၃ ရုံတို့တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်ကပ်ထားကြေငြာသည့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၅၂၄၄၇) ဦး ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)