လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်သန်းသား၊ သင်တန်းသူများလက်ဝယ်သို့ ကုန်ကြမ်းပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာများအကြောင်း၊ လူသုံးကုန် လုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများအကြောင်း၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာ၊ ပရုပ်ဆီ၊ မှန်ကြည်ဆေး၊ Hand Spray စသည့် လူသုံးကုန်ထုတ်လုပ်နည်းများအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချမည်ဖြစ်သည်။
ထို့အပြင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လို၍ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်သည့် သင်သန်းသား၊ သင်တန်းသူ ၃ ဦးကို လုပ်ငန်းစတင်လည်ပတ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း လားရှိုးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လူမော်(ပြန်/ဆက်)