လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှေ့ရှိ အဝင်မုခ်ဦး၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်တာဝန်ရှိသူများက လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအမှတ်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်အဝင်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်စာသင်ခန်းများတွင် ပညာသင်ကြားနေသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအား လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လားရှိုးပညာရေးဒီကရီကောလိပ်သို့ သွားရောက်၍ ပညာသင်ကြားနေသည့် ပညာရေးဒီရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ပြီး ကောလိပ်စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများအား ယနေ့မှစတင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)