နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၄

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများကျင်းပခြင်း၊ နည်းပညာပံ့ပိုးကူညီမှုများဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဈေးကွက်အောင်မြင်မှုရရှိစေရန်အတွက် ဒီဂျစ်တယ်အသိပညာ ဖွံ့ဖြိုးမှုအစီအစဉ်များ ဆောင်ရွက်ခြင်းတို့ကို အသင်းအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်စေလိုကြောင်း၊ MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းစတင်ထူထောင်သည့် (Startup)လုပ်ငန်းတို့အား နည်းပညာပံ့ပိုးကူညီဆောင်ရွက်ခြင်းနှင့်ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင်လည်း မြို့နယ်အလိုက် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများအားကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက် ကြဖို့လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီအတွင်းရေးမှူး ဦးဝင်းဦးနှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်စိုးမမဌေးတို့က နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ မြို့နယ်အလိုက် MSME လုပ်ငန်းများဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)