နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၄

မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်က အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာမဲရုံများ တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများသည် ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလ လက်တွေ့နယ်ပယ်တွင် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ သိရှိနားလည်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကိုဆောင်ရွက်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏အခန်းကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင်ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက် ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြမှသာ ရွေးကောက်ပွဲကို အမှားယွင်းမရှိ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းကို ဆက်လက်သင်ကြားရာ ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးကြည်ခိုင်က ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်ချက်များ၊ ဒက္ခိဏသီရိမြို့နယ် ဥပဒေအရာရှိမှ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန်ရှောင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် သင်ခန်းစာများနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်ဦးမှ အီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၄ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)