အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ညောင်ရွှေ      နိုဝင်ဘာ    ၂၄

ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းတို့က အမှာစကား ပြောကြားသည်။

ထို့နောက် အထက(သာလေး) ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှဖြင့် တင်ဆက်ကပြခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီး ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာပေဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သည့် စာပေပညာရှင်များနှင့် ဉာဏပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ်ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့်  ဆရာဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 ၎င်းနောက် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများကဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရကျောင်းသား ကျောင်းသူများက ပြန်လည်သရုပ်ပြ တင်ဆက်ခဲ့ကြကြောင်းနှင့် အထက(သာလေး) ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ