‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများဖွံ့ဖြိုးတိုးတက်ရေး နယ်မြေကွင်းဆင်းခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ နိုဝင်ဘာ ၂၂ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ နယ်မြေကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်ကောက်ကျေးရွာ ဘုန်းတော်ကြီးထံသို့ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး၊ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မက်မန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ပန်ကောက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး မီးကိုစနစ်တကျ အသုံးပြုဆောင်ရွက်သင့်သည့်အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမှိုက်များစနစ်တကျစွန့်ပစ်ရေး အစရှိသော ကဏ္ဍများအလိုက် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ ပလပ်စတစ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကိုပြသပေးခဲ့ကာ ကျန်းမာရေးဦးစီးဌာနမှ ပန်ကောက်ကျေးရွာ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပန်ကောက်ကျေးရွာအတွင်း ကော်ဖီစိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခြင်း၊ ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုအခြေအနေ၊ မဲရုံတည်နေရာများကို ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

သိန်းသန်း (ပြန်/ဆက်)