လယ်ဝေးမြို့နယ်၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်

လယ်ဝေး နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာ၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲကျင်းပသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုနှစ်ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် ဦးစီးဌာနကြီးကြပ်မှုဖြင့် အသင်းသားတောင်သူများက စဉ်ဆက်မပြတ်ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ အဖျက်ပိုးမွှားအန္တရာယ်များမှကာကွယ်နိုင်စေရန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အသီးအပွင့်အားတိုးဆေးနှင့် မြေဩဇာများကို နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်၊ စံညွှန်းများအတိုင်းအသုံးပြုရန်လိုအပ်ကြောင်း၊ လိုအပ်သည့် သွင်းအားစုများကို နိုင်ငံတော်ဘဏ္ဍာငွေမှ ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်တွင် မျိုးနှင့်သွင်းအားစုတန်ဖိုးငွေများကို အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနီးကပ်ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)