နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုနှင့် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၃

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရာ ပြည်သူများလာရောက် ကြည့်ရှုနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကျော်သူရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျှက် လယ်ဝေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအားပေးကာ မဲစာရင်းလာရောက်ကြည့်ရှုသည့် ပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း လာရောက်ကြည့်ရှုနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့က လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် လယ်ဝေးမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ကုသမှုဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် သစ်သီးခြင်းလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)