လားရှိုး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓအဘိသေကအနေကဇာတင်လှူခြင်း၊ မဟာဗောဓိပင်စိုက်ပျိုးခြင်းနှင့် ဗောဓိညောင်ရေသွန်းလောင်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဇမ္ဗူအေးစေတီ တပ်ဦးကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တမထံက ကိုးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့ အမွှေးနံ့သာရေ၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ချည်များ၊ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံအဆင့် ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များ၊ ရေစက်သွန်းတရားတော်နှင့် အနုမောဒနာတရားတော်များ နာယူခဲ့သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံအဆင့်တို့ကိုပင့်ဆောင်၍ မဟာဗောဓိစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ကာ မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရွှေထီးတော်ဘုံအဆင့်ဆင့် ရတနာစိန်ဖူးတော်တို့ကို မဟာဗောဓိစေတီတော်မြတ်ကြီး အထွဋ်သို့တင်လှူပူဇော်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဇယန္တော ဗောဓိယာမူလေ အစဖြာသော အောင်ဂါထာတော်များရွတ်ပွားပူဇော်ပြီး တာဝန်ရှိသူများက အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက မဟာဗောဓိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း မဟာဗောဓိပင် စိုက်ပျိုးကာ ဗောဓိညောင်ရေသွန်းလောင်းခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပြီး အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ပြီးမြောက်ခဲ့သည်။
၎င်းနောက် သုခမင်္ဂလာဆင်းရွေလီ သာသနာ့ဗိမာန်တော်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)