လဲချား နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က လဲချားမြို့နယ် ပြည်သူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စအရပ်ရပ်များကိုဆွေးနွေးခဲ့ပြီး ပြည်သူများမှ မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှုနေမှုကို ကြည့်ရှု့ခဲ့ပါသည်။
ယခု ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်းရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများအနေဖြင့် ထပ်တိုးစာရင်းပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်းဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု လျာထားမဲရုံ ၃၃ ရုံတို့တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်ကပ်ထားကြေငြာသည့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၂၆၅၀၂)ဦးရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)