မော်လမြိုင် နိုဝင်ဘာ ၂၄
မော်လမြိုင်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) စျေးနှင့် APEX စက်သုံးဆီဆိုင်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ် (၁) စျေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော စျေးသူ၊ စျေးသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)