ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ချစ်နိုင်( စိတ်ပညာ) ရေးသားသည့်  " အောင်​မြင်ခြင်းရဲ့ အုတ်မြစ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ တက္ကသိုလ်ဆန်းတင့်နိုင်က Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ဝန်ထမ်းများဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးသူ၏ ကိုယ်ရေးအကျဉ်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် " အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင်နှစ်ဦးက “ကံဆိုသည်မှာစေတနာ” ၊ “ အောင်မြင်ခြင်းရဲ့အုတ်မြစ်” စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်း များ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး(Talk Show)များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)