နမ့်စန်(တ) နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၄) မြို့နယ် Over (40) အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် ကျောက်တိုင်အား ကစားကွင်းအတွင်းတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများကို ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့်ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဌာန်ရွတ်ဆို အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ဘင်ခရာတပ်ဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲပွဲစဉ်အဖြစ် နမ့်စန်မြို့ ဌာနဆိုင်ရာအသင်းနှင့် အ-ထ-က ပင်လုံမြို့ Old Star အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပင်လုံမြို့ Old Star အသင်း က ၅ဂိုး၂ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့အထိအပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး နမ့်စန်၊ မိုးနဲ၊ လွိုင်လင်နှင့်ပင်လုံမြို့တို့မှ ပြိုင်ပွဲဝင် အသင်း စုစုပေါင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)