မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသခံပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများမှ အခမဲ့ကွင်းဆေးကုပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအားလိုအပ်သည့် ကျန်းမာရေးအတွက် အခမဲ့စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့လှူဒါန်းပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ကုသမှုလာရောက်ခံယူသူများအား အာဟာရမုန့်၊ စားစရာများ၊ ရေသန့်ဗူးများအား အခမဲ့ဝေငှပေးခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကညှော်ကျေးရွာ၊ မုရစ်ကလေးကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံများအတွက် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီး မုရစ်ကလေး တိုက်နယ်ဆေးရုံတွင် ဖျားနာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အကြောအဆစ်၊ အရေပြား၊ သွားခံတွင်း၊ ဓါတ်မှန် အစရှိသည့် ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့ကွင်းဆေးကုပေးသော အထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်း အဓိကထွက်ကုန်များဖြစ်ကြတဲ့ ရော်ဘာလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်းအပြင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် သစ်သီးဝလံလုပ်ငန်းများကို ကုန်ကြမ်းအတိုင်း ရောင်းဝယ်မှုပြုလုပ် ခြင်းထက် Value Added ကုန်ချောများထုတ်လုပ်ပြီး ပြည်တွင်း ဈေးကွက်တင်မကဘဲ ပြည်ပဈေးကွက်ထိ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်နယ်တွင်း ကုန်သည်စက်မှုအသင်းမှာ ပါဝင်ကြတဲ့ ညီနောင်အသင်းသား စီးပွားရေး လုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပါဝင်ပြီးဒေသတွင်း MSMEs လုပ်ငန်းများကိုအောင်မြင်အောင် လုပ်ဆောင်ပေးကြဖို့ မှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် စက်မှုလက်မှုကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၊ စက်မှုလက်မှုကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်ကိုကိုမှ အလုပ်အမှုဆောင်များရွေးချယ် တင်မြှောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အသင်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)