ဘီးလင်း နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက် များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ အုပ်စု(၂၃)စုတို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း (၁၄၁၆၁၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)