ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ လိုက် ကပ်ထားကြေညာထားရှိမှုများအား  ကွင်းဆင်းကြည့်ရှု

ပုဇွန်တောင်  အောက်တိုဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရှိမှုကို ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့၀င်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်၊ ဆန္ဒမဲပေးနိုင်ရန်၊ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်  အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပြီး ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်‌(၁၀) ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာ ၂၁ ရက်‌နေ့မှ ဒီဇင်ဘာ  ၄  ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဟန်စုယဉ်