နေပြည်တော် နိုဝင်ဘာ ၂၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိပန်းခြံအမှတ်(၁)သို့ သွားရောက်ပြီး ပန်းခြံအတွင်း ပန်းအလှပင်များပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအတွင်း အမှိုက်များ၊ အရွက်ခြောက်များမရှိစေရန် အမြဲသန့်ရှင်းမှုရှိစေရေး၊ သပ်ရပ်လှပသောလျှောက်လမ်းများဖြစ်စေရန်နှင့် ဘေးဝဲ/ယာ တစ်လျှောက် အရောင်အသွေးစုံလင်သော ရာသီအလိုက်ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးရေး၊ ပုံမှန်ရေပေးစနစ် ထားရှိကာ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စိုက်ပျိုးထားရှိသည့် အပင်များရှင်သန်ကြီးထွားအောင် စနစ်တကျစီမံဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူဥတ္တရသီရိမြို့နယ်အတွင်းရှိ သားဖွားမီးယပ် အထူးကုဆေးရုံကြီးနှင့် ကလေးအထူးကုဆေးရုံတို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများအား ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရန်ဆေးရုံဝန်းအတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မှာကြားခဲ့ပြီး သန့်ရှင်းရေးလာရောက်ပြုလုပ် ဆောင်ရွက်သည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်နှင့်စားအုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလားတူ နေပြည်တော်တစ်ဝှမ်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျန်ရှိသည့်မြို့နယ်များတွင်လည်း အပတ်စဉ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)