ပင်လောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြော

ပင်လောင်း   နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊မြူငွေ့လျှော့ချရေးး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ‌ခြေခံပညာအထက်တန်းကျောင်း တီကျစ်ကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က Fire Hotspotsနှင့် မီးခိုးမြူငွေ့များ တားဆီးကာကွယ်ရေး ဆောင်းပါးပါအကြောင်းများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးစိုင်းမျိုးကျော်လင်းက တောမီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိမြင်သဘောပေါက်လာပြီး ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို လည်းကောင်း၊ တောအုပ်ဦးစိုင်းခမ်းနောင်က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ သစ်တောများ၏ အခန်းကဏ္ဍများနှင့် “စားရေးရိက္ခာ ဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့” ဆောင်ပါးပါအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက ဟောပြောချက်များအပေါ် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ သိရှိလိုသည့်အချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် အသိပညာပေး ဟောပြောပွဲတွင် ဉာဏ်စမ်းဗဟုသုတ အမေးအဖြေမေးခွန်းများဖြင့် မှန်ကန်အောင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ‌ခြေခံပညာအထက်တန်းကျောင်း တီကျစ်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)