သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှု ပြည်သူများလာရောက်ကြည့်ရှု

သင်္ဃန်းကျွန်း  နိုဝင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက် ရပ်ကွက်ကော်မရှင်ရုံးတွင် မဲဆန္ဒရှင်စာရင်းများ(ဒုတိယအကြိမ်) ကပ်ထားကြေညာထားရာ ပြည်သူများလာရောက် ကြည့်ရှုကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာကော်မရှင်ရုံးများတွင် (၂၁)ရက်ကြာ ကပ်ထားကြေညာထားခဲ့ပြီးဖြစ်သည်။ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ၂၁-၁၁-၂၀၂၅ ရက်နေ့မှ ၄-၁၂-၂၀၂၅ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်ရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် (ဒုတိယ) အကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာထားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်း လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

လိုအပ်သော ဖြည့်စွက်ပုံစံများကို ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်ရုံးများတွင် အခမဲ့ (အခမဲ့)  ရယူနိုင်သည်။ ထို့အတူ(တတိယ)အကြိမ် မဲစာရင်းကပ်ထားကြေညာထားခြင်းကို၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်သည်။ ပြည့်စုံ မှန်ကန်သည့်မဲစာရင်းရရှိရန်အတွက် ဒုတိယအကြိမ်မဲစာရင်းကပ်ထား ကြေညာထားခြင်းအား အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး(မပျက်မကွက်) လာရောက်ကြည့်ရှုပေးရန် လိုအပ်သည်ဟု အဆိုပါ (င/က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)