မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

မိုင်းကိုင် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက် (၆) နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ကပ်ထားကြေညာလျက်ရှိသည်။

မိုင်းကိုင်မြို့နယ်တွင် ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၂၄)အုပ်စု၊ မဲရုံပေါင်း(၃၅)ရုံ၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်းမှာ (၃၁၉၆၂) ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများအားလုံး မဲပေးခွင့်ရရှိရေးအတွက် နိုဝင်ဘာလ (၂၁)ရက်နေ့ မနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည်  မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာမှုများကို ကွင်းဆင်းကြီးကြပ်ကွပ်ကဲမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မိမိတို့၏ အမည်စာရင်းပါမပါ သွားရောက်ကြည့်ရှုကြရန်နှင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံ စံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ) ဖြင့် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး ရက်မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

ချော(မိုင်းကိုင်)