ပင်းတယ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဘင်ခရာအဖွဲ့မှ ကြိုဆိုအလေးပြုကြပြီး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုဒ်ဦးအားပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဘင်ခရာအဖွဲ့နှင့် အကအဖွဲ့များအား ဂုဏ်ပြဆုငွေများချီးမြင့်ကာ စုပေါင်းအမှတ်တရ မှတ်တမ်းတင်ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား အ.ထ.က(ကြိုသက်) ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီးချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး၊ “နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” video clip ကိုပြသခဲ့ရာ တက်ရောက်လာကြသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက DTH စလောင်း(၅၀)စုံ၊ သုတ/ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ဒေသပညာရေးမှူးက လက်ခံရယူပြီး၊ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနယက သုတ/ရသ စာအုပ်စာစောင်နှင့် အလှူငွေများပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြပြီး၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် MRTV - 4 တို့မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပြီး၊ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားတွင် DTH စလောင်းများကို ကံစမ်းမဲများဖွင့်ဖောက်ပေးခဲ့ကြောင်း၊ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် လိုက်ပါလာကြသူများမှ ကာယ၊ ဉာဏပြိုင်ပွဲများ ဓါတ်ပုံနှင့်စာအုပ်ပြပွဲများကို လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)