မန္တလေးဘူတာကြီး၌ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်း စတင်ပြေးဆွဲခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၂၂

ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု၍ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်း စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ မန္တလေးဘူတာကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားဌာန၊ အထက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးဆွေရင်းနှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေခရိုင် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချပ် ဦးမျိုးအောင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုသည့် လေအေးပေးစက်ပါ လေအိတ်ရထားပြေးဆွဲပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  အမှတ်တရစုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

စတင်ပြေးဆွဲမည့် ဘက်ထရီလျှပ်စစ်ရထား BF.1600.01အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများမှ ပန်းပွားအက/ဘင်ခရာဖြင့် လည်းကောင်း၊  ရှမ်းအိုးစည်၊ တိုးနယားအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ရထားတွဲဆိုင်းပေါ်သို့ တက်ရောက်၍ ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)