စစ်တွေ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦအားအကြီးစားပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၌ ရဲမာန်ဘက်စုံစိုက်ပျိုးရေးမွေးမြူရေးခြံသို့ လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦအား အကြီးစားပြုပြင်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦအား အကြီးစားပြုပြင်နေမှု၊ ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်အဆောက်အဦပင်မဆောင်ပြုပြင်နေမှု၊ အစည်းအဝေးခန်း၊ ရုံးခန်းများ ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်ရိပ်သာ၊ ထမင်းစားဆောင်နှင့် ရုံးခန်းများအား ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ ရဲမာန်ဘက်စုံ စိုက်ပျိုးရေးမွေးမြူရေးခြံသို့ လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ခြံအတွင်း ဥစားကြက်များမွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥစားကြက်များ မွေးမြူဖြစ်ထွန်းနေမှု၊ တပ်ဖွဲ့ဝင်များ ဖြန့်ဝေပေးနေမှု၊ ဈေးကွက်အတွင်းရောင်းချနေမှု၊ တိုးချဲ့မွေးမြူသွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးခြံအတွင်း ဒေသဘဲများမွေးမြူ ဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုကြသည်။
ထို့နောက် ရှင်းလင်းဆောင်၌ မွေးမြူရေးတာဝန်ခံက ဘက်စုံစိုက်ပျိုးရေးမွေးမြူ ရေးခြံအတွင်း ဥစားကြက်၊ ဘဲနှင့်ဟင်းသီးဟင်းရွက်များ မွေးမြူစိုက်ပျိုးထားရှိမှု၊ ကြက်ခြံနှင့်ဘဲခြံတို့မှ ဥထွက်ရှိမှုအခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဖြန့်ဝေပေးနေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု၊ အကျိုးအမြတ်ရရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဘက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များအား သင်တန်းပေးနေမှုကို သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)