ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒုတိယလေးလပတ်အထိ ဆောင်ရွက်နိုင်ခဲ့သည့် ခရီးသွားလုပ်ငန်းအခြေအနေ၊ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုအခြေအနေနှင့် ခရီး သွား လုပ်ငန်းနယ်ပယ် ဝန်ဆောင်မှု အဆင့်အတန်း ကောင်မွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများဖွင့်လှစ် ပေးနိုင်မှုအခြေအနေ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ လိုင်စင်ဆိုင်ရာအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရေးကိစ္စများ၊ အလားအလာ ရှိသည့် ခရီးစဉ်ဒေသ အသစ်ဖော်ထုတ်နိုင်ရေး ကိစ္စရပ်များကို သုံးသပ်ပြောကြားကာ ဘဏ္ဍာနှစ် အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ရန်ကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးမှ ဟိုတယ်အဆောက်အဦ တည်ဆောက်ခွင့် (၂)ခု၊ ဟိုတယ် လုပ်ငန်းလိုင်စင် (၃)ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၅၁)ခု၊ တည်းခို ရိပ်သာလုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၁၅)ခု၊ တည်းခိုဆောင်လုပ်ငန်း လိုင်စင် အသစ် (၁)ခု၊ သက်တမ်းတိုး (၃)ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) (၄၀)ခု၊ (ပြည်ပ)(၂၁) ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်) သက်တမ်းတိုး (၁၈၂)ခု၊ (ပြည်ပ) (၄၆)ခု၊ ဧည့်လမ်းညွန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး (၁၅၄)ခု၊  ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းအသစ် (၁၁) ခု၊ သက်တမ်းတိုး (၄) ခုတို့အား အတည်ပြုပေးနိုင်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆက်လက် ဖွင့်လှစ် မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်ရန် ကိစ္စနှင့်ခရီးသွားမြှင့်တင်ရေး Website လွှင့်တင်ရေး ဆောင်ရွက်နေမှုကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်းနှင့် ယနေ့ အစည်းအဝေး မှ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ် (၉၈၇၈.၉၅၀)သန်းနှင့် လုပ်သားအင်အား (၂၂၃)ဦးအတွက် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)