မိုးညှင်း နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမူက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်လူရွယ်များ အတတ်ပညာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်ဝစေရန်၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်းဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲမှုရှိတတ်စေရန်နှင့် မေးမြန်းဆွေးနွေးတတ်သည့် အလေ့အထ ကောင်းများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ဟောပြောသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက စတင်မိတ်ဆက်ဆွေးနွေးပြီးနောက် အဆိုပါကျောင်း Grade-10 မှ မဖူးဖူးဝေက လူငယ်နှင့်အားကစား၊ မောင်ပြည့်စုံခိုင်မင်းက လေထုညှစ်ညမ်းခြင်းဆိုင်ရာများ၊ မခေါင်နောက လူသားနှင့်ပတ်ဝန်းကျင်နှင့် မောင်ဝေဖြိုးပိုင်က ကျောက်မီးသွေးအကြောင်းစသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၂၂) ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း