တနိုင်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း‌ ကြေညာထားရှိမှုအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

တနိုင်း နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ကော်မရှင် အတွင်းရေးမှူး ဦးကျော်သက်ပိုင်နှင့် တာဝန်ရှိသူတို့က ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းများအား သတ်မှတ်ရက်များအတွင်း စနစ်တကျကပ်ထားနိုင်ရေး၊ ပြည်သူများအားမဲစာရင်းတွင် မပါဝင်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်းတို့ကို မှာကြားခဲ့ကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများတွင် ကြေညာထားမည် ဖြစ်ကြောင်းသိရသည်။

မနောမြေ(တနိုင်း)