မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ ပြည်နယ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ချောင်းဆုံ နိုဝင်ဘာ ၂၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုအစီအစဉ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က မုရစ်ကလေးတိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူ နေကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခြင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ကို မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကေခိုင်အေး ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများမှ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအဆစ်နှင့် ပြန်လည်သန်စွမ်းရေး ၊ အာထရာဆောင်း၊ ခွဲစိတ်အထူးကုနှင့် အသည်းအထူးကုစသည့်တိုကို (အခမဲ့) ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)