မိုင်းရှူး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ယမန်နေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများတို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်၊ ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများအနေဖြင့် ထပ်တိုးစာရင်းပုံစံ (၃ )ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ (၄) ဖြင့်လည်းကောင်း ဖြည့်စွက်၍ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူ လျှောက်ထားနိုင်ကြောင်းနှင့် ယင်းဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင် စာရင်းများကို ပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ