ဒဂုံတောင် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စုဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ၊ သုတ၊ ရသ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာကြည့်တိုက်အသုံးပြုမှု ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က လူငယ်များဘဝအောင်မြင်ရေးအတွက် အရေးကြီးဆုံးသောအရာခေါင်းစဥ်ဖြင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင်တို့က ညှိနှိုင်းရေးမှူးများ အဖြစ်ဆောင်ရွက်ကြ၍ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ G 11 ကျောင်းသား မောင်ကျော်စွာထွန်းက လူငယ်နှင့်စာပေ၊ G11 ကျောင်းသူ မဆောင်းဝေနှင်းက လူငယ်နှင့်ကျန်းမာရေး၊ G10 ကျောင်းသား မောင်ရဲစွမ်းထက်က လူငယ်နှင့်အားကစား၊ G10 ကျောင်းသူ မအေးစုမြတ်နိုးစံက လူငယ်နှင့်နည်းပညာ ခေါင်းစဥ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူလေးများက သိရှိလိုသည်များမေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြသည်။
ယင်းနောက် စာရေးဆရာ သက်ဝေမောင်နှင့် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးပေးကြသော ကျောင်းသား၊ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ခြင်း၊ စာရေးဆရာသက်ဝေမောင်က စာအုပ်များ လှူဒါန်းခြင်းများဆောင်ရွက်ကြပြီး အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဂိမ်းကစားနည်းပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကိုလည်း ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများ၊အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။
ကျော်စွာမိုး(ပြန်/ဆက်)