နေပြည်တော် နိုဝင်ဘာ ၂၂
ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုံစီမံခန့်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ နေပြည်တော်အသေးစားနှင့်အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများမှ လုပ်ငန်းရှင်များနှင့်တာဝန်ရှိများအား ပြဋ္ဌာန်းထားရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ထိခိုက်နိုင်မှုများကို လျှော့ချမည့်နည်းလမ်းများအား သိရှိနားလည်စေရန်နှင့် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန်အားသန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာ ဆောင်ရွက်မှုအကောင်းဆုံးဖြစ်သည့် စက်မှုဇုန်အဖြစ် ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်း ဟောပြောပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝှမ်းသဘာဝပတ်ဝန်းကျင်သည် ယိုယွင်းပျက်စီးလျက်ရှိပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၊ လေထု၊ ရေထုညစ်ညမ်းမှု၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ သစ်တောများပြုန်းတီးမှု၊ သဲကန္တာရဖြစ်ထွန်းမှု၊ မြေဆီလွှာပြုန်းတီးမှု၊ စွမ်းအင်ကျပ်တည်းမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ မြို့ပြဒေသပတ်ဝန်းကျင် ညစ်ညမ်းမှု၊ သောက်သုံးရေမသန့်ရှင်းမှု၊ ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်ပြဿနာများ များပြားလာမှု၊ ဇီဝမျိုးစုံမျိုးကွဲ များမျိုးသုဉ်း ပျောက်ကွယ်လာမှု၊ ကူးစက်မြန်ဗိုင်းရပ်ရောဂါများ ဖြစ်ပေါ်မှုစသည့် ဆိုးရွားသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်ပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ လျော့ပါးစေရေးအတွက်ဝိုင်းဝန်းဖြေရှင်းရာတွင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များသာမက လူသားတစ်ယောက်ချင်းစီတိုင်းကပါ တာဝန်သိသိဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ရေဆိုးများ၊ အခိုးအငွေ့၊ အနံ့အသက်နှင့် အမှုန်အမွှားများသည်လည်း လူနေရပ်ကွက်နှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရန် စနစ်တကျစီမံဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ၂၀၁၇ ခုနှစ်က ပေးအပ်ခဲ့သည့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု (ASEAN Environmental Sustainable Cites Award) ကို ရရှိထားသည့်အားလျော်စွာ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အစဉ်အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန်ကို ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လိုက်နာမှုကောင်းမွန်သော စံပြစက်မှုဇုန်အဖြစ် ရပ်တည်နိုင်အောင် စက်မှုဇုန်ရှိလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာများကို ပူးပေါင်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ Myanmar Survey Research Company Limited (MSR) & Environmental Consultant ဒေါက်တာအေးအေးစောမှ “Air and Water Pollution: Mitigation and Management in Industrial Zones” အကြောင်းဆွေးနွေးပို့ချခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါ်သန္တာလှိုင်နှင့် ဦးအောင်ကိုကိုတို့မှ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု စီမံကိန်းအဆိုပြုလွှာ ရေးသားပြုစုခြင်းနှင့် ရေးဆွဲတင်ပြခြင်းများကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး