မော်လမြိုင် နိုဝင်ဘာ ၂၂
မော်လမြိုင်မြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ယနေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယခုဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင် စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားရာနေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်နိုင်နှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ကျေးရွာ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မပါရှိသူများအနေဖြင့် ထပ်တိုးစာရင်းပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင် အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့် လည်းကောင်း ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)